့ လူတိုင်းတွင် အိပ်မက်ဆိုတာရှိသည်၊လူသားတိုင်းလည်းအိပ်မက် မက်ဖူးကြပေလိမ့်မည်၊အိပ်မက် မက်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် မက်ခြင်းဖြစ်သည်။သွေး လေ ချောက်ချား၍မက်ခြင်း။အချို့က ဘုရားတရား ကြည်ညို၊ ယုံကြည်သောကြောင့် နတ်များကပေး၍မက်ခြင်း၊စိတ်စွဲလမ်း၍ အိပ်မက် မက်ခြင်းဟူ၍အမျိုးမျိုး ရှိလေသည်။အိပ်မက် မက်ခြင်းသည် အများအားဖြင့် စိတ်စွဲလမ်း၍ မက်ခြင်းကများလေသည်။အချို့ ကလည်း သွေး လေ ချောက်ခြား၍ အိပ်မက်ဆိုးများလည်း မက်တက်သည်။ထို အိပ်မက်ဆိုးများ သည် အပြင်လောကတွင် ဖြစ်ချင်မှလည်း ဖြစ်တက်သည်၊ကိုယ်ကျင့် တရားကောင်းမွန်သော သူများကတော့ အိပ်မက်ကောင်းများ မက်တက်သည်။စိတ်စွဲလမ်း၍ မက်သော အိပ်မက်များ သည် တစ်ခါတစ်ရံ အပြင်လောက ၌ ဖြစ်တက်သည်။သို့သော် အိပ်မက် အများစုသည် မက်ပြီးလျှင် မေ့ပျောက်သွားကြသည်က များသည်။ထို့ကြောင့် အိပ်မက်များ ကို ယုံကြည် အလေးအနက်ထားလို့လည်း မရချေ။
ကျနော်သည် အိပ်မက်များ ကို စိတ်ဝင်စားသည်၊နှစ်လည်း နှစ်သက်သည်။ ည အချိန် အိပ်စက်သော အခါ... ကောင်းသော အိပ်မက်ဖြစ်စေ၊ဆိုးသော အိပ်မက် ဖြစ်စေ မက်ချင်သည်။အဘယ်ကြောင့် ဆိုသည်ကို ကျနော့် ခံယူချက် အရ ပြောရလျှင် လောကတွင် နေထိုင်သော ကာမ ဘုံသား လူသားတို့ သည် မိမိတို့ တစ်နေ့တာ တွင် ကာမဂုဏ်အာရုံတွေ ကြား နှစ်မျောရင်း ဘ၀ ကို ကုန်ဆုံးကြရသည်၊ ညအခါ အိပ်စက်သော အခါ မှ အိပ်မက် မက်၍ စိတ်ကူး သမျှကို အိပ်မက်ထဲ၌ စိတ်ကူးယဉ်နိုင်သည်။ထိုကြောင့် အိပ်မက်များသည် ဘ၀၏ တစ်စိတ်တစ်ဒေသ အဖြစ် ပါဝင်နေသည်ဟု ကျနော် ယုံကြည်သည်။ကိုယ်ယုံကြည်သော စိတ်ကူး ဟု လည်း ပြော ၍ရနိုင်သည်။
အိပ်မက် တွင် မိုးတွင်း အိပ်မက် “ချောက်အိပ်မက်”၊“ဆောင်းတွင်း အိပ်မက် ကယောက်ကယက်” ဟူ၍ ရှိသည်။မိုးတွင်း ကာလတွင် မက်သော အိပ်မက်များသည် အများအားဖြင့် စိတ်ချောက်ချားဖွယ်ကောင်းသော အိပ်မက်များ ဖြစ်သောကြောင့် ချောက်အိပ်မက်များ ဟု ခေါ်ဆိုခြင်းဖြစ်သည်။ဆောင်းရာသီ တွင်မက်လေ့ ရှိသော အိပ်မက် များကတော့ ကယောက် ကယက်ဆို သလို ရောက်တက်ရာရာ မက်တက်သည်။အိပ်မက် အများစု သည် ဤ အိပ်မက်မျိုးသာဖြစ်သည်။မိုးတွင်း ချောက်အိပ်မက်များ သည် (Nightmare)အိပ်မက်ဆိုးနဲ့ လည်းတူပေသည်၊မိမိ အိပ်မက် မက် နေစဉ် အတွင်း အပြင်မှာ ဖြစ်နေသလို ခံစားရ၍ စိတ်ချောက်ခြားကာ လန့်နိုးတက်ကြသည်။တစ်ခါတစ်ရံ အိပ်မက် ထဲတွင် ချောက်ထဲကျသွား၍ အိပ်နေရင်းပင် တုန်လှုပ်ရသည်။လန့်နိုးတော့မှ အိပ်မက် ဟု သိရသည်။
အထူးသဖြင့် အိပ်မက် များသည် ထူးဆန်းအံသြဖွယ်လည်းကောင်းလှသည်၊အဓိပ္ပါယ်ဖွင့် ဆိုရသော် အိပ်မက် ဆိုသည် မှာ အိပ်နေစဉ် အတွင်း စိတ်၏ခေါ်ဆောင်ရာ လိုက်ကာ အပြင် ဘက် ဘ၀ မှ တွေ့ခဲ့၊သိခဲ့၊ကြုံ့ခဲ့ တာများကိုမြင်မက်သည်။ကြည်နူးဖွယ်၊ကြေကွဲဖွယ်၊လွမ်းဆွတ်ဖွယ်ရာတွေကို မိမိ တို့၏ မနော စိတ်မှ ဖြစ်ချင်နေသော စေတသိတ်ကို ဖြည့်ဆည်းပေးသော အဖြည့်ခံဖြစ်သည်။
အိပ်မက်အကြောင်း သိသမျှ ဆိုရလျှင် ပထမဦးစွာ အိပ်မက် မက်ခြင်းကို လူ၏ ဦးနှောက် ရှိ ဘယ်ဘက်အခြမ်း မှ အာရုံကြောများမှ လုပ်ဆောင်သည်။စာဖတ်ခြင်းကို တော့ ဦးနှောက်၏ ညာဘက် အာရုံကြော များမှ လုပ်ဆာင်သည်။ထိုကြောင့် အိပ်မက် မက်သည့် အခါ အိပ်မက် ထဲတွင် စာအုပ် တစ်အုပ် ဖတ်နေသည်ဟုတော့ မမက် ဖူးချေ၊(ဖတ်ဖူး သူများကတော့ စောဒက တက်နိုင်ပါသည်)။တဖန် အိပ်မက် ထဲတွင် (Black In White) အရောင် များသာ တွေ့ရသည်။Colour အရောင်များကို တော့ ခွဲခွဲခြားခြားမသိနိုင်ပေ၊စိတ် ၏ စေရာအရောင် များဖြစ်သောကြောင့် နိုးထလာသော အခါတွင်လည်း သိပ်မမှတ်မိတော့ပေ။
အိပ်မက်ကို အချိန် ကာလအားဖြင့်လည်း (၃) မျိုးခွဲခြားနိုင်သည်။ညဥ့်ဦးယံ၊သန်းခေါင်ယံ၊မိုးသောက်ယံ ဟူ၍ ဖြစ်သည်၊ညဥ့်ဦးယံ မက်သော အိပ်မက်များသည် များသောအားဖြင့်မက်ပြီးမေ့ပျောက်သည်က များသည်၊ပြန်စဉ်းစား၍ လည်းမရနိုင်ပေ၊သန်းခေါင်ယံမက်သော အိပ်မက်များသည် အိပ်မက်ဆိုးများ ဖြစ်တက်သည်။အိပ်မက်ဆိုးများသည် စိတ်ကိုချောက်လှန့် ၍ လန့်နိုးသည်ကများသည်။ထိုထဲတွင် မိုးသောက်ယံမက်သော အိပ်မက်များသည် အခြားအချိန်များထက် ထူးခြားသည်၊ထို အချိန်မက်သော အိပ်မက်မှာ မိုးလင်းခါနီး မက်သောကြောင့် ပြန်စဉ်းစား၍ ရနိုင်သည်၊မိမိ မက်သော အကြောင်းအရာ များ၊စိတ်စွဲလမ်းခဲ့သော အရာများကို တစ်ခါတစ်ရံ မေ့ပျောက် ၍ မရနိုင်ပေ၊မသိစိတ်၌ ကိန်းအောင်းနေတက်သည်။
မျက်စိမမြင်သောသူများလည်း အိပ်မက် မက်ကြသည်။မွေးရာ ပါ မျက်စိ မမြင်သော သူများ အိပ်မက် မက်သည်ဟုတော့ မကြားဖူးချေ၊ငယ်ငယ် က မြင်ပြီး အသက်ကြီးမှ မျက်စိကွယ်သွားသော သူများကတော့ အိပ်မက်မက် ကြသည်။သို့သော် သူတို့ မက်သည့် အိပ်မက်မှာ အမြင် အာရုံ ဖြင့်တော့ မဟုတ်ပေ၊အကြား၊အတွေ့၊အထိ များသာဖြစ်သည်။
သိပ္ပံပညာ တိုးတက်သော ကမ္ဘာကြီးတွင် အိပ်မက်တွေ အကြောင်းတော့ မည်သူမျှ တိတိကျကျ မလေ့လာ၊မစူးစမ်းနိုင်ပေ။ထိုကြောင့် အိပ်မက်အကြောင်း အဆုံးသတ်ရသော် လောကတွင် သတ္တ၀ါတို့၏ သံသရာသည် ရှည်လျား လှသည် ဖြစ်သည်ရာ အိပ်မက်များသည် အတိတ်ဘ၀က အဖြစ်အပျက်များ၊ပစ္စပ္ပန် ဘ၀ နှင့် အနာဂတ်ဘ၀များ လူ့ဘ၀ ၏ တစ်စိတ်တစ်ဒေသ ဟု ပဲ ဆိုရတော့မည်။
No comments:
Post a Comment