တကယ်ပါ...
မှော်ဆရာ တစ်ယောက်ဖြစ်လို့ကတော့..
မျှော်လင့်ခြင်းတွေ
အသက်သွင်းလို့ ရရင် သွင်းလိုက်ချင်တယ်။
ဘာလိုလိုနဲ့..
ချစ်ခြင်းတရား ကို
အရောင် ဆိုးခဲ့တာလည်းကြာပေါ့။
အတ္တတွေ၊မာန တွေ စားသုံးနေရတော့..
ဘ၀ က အစင်းရာတွေ နဲ့ “ဓါတ်ပြား တစ်ချပ်” လို
အသံကုန် ဟစ်ကြွေးနေတယ်။
သားရဲတွေ ပေါများလှတဲ့ ဒီ တောနက်ထဲမှာ...
အ၀ိဇ္ဇာ တရား တွေ လောင်ကျွမ်းနေတယ်။
ဟေ့...အသက်တွေကြီးလာပြီ
ရထားပေါ်က မဆင်းသေးဘူးလား?၊
ဟိုမှာ..သေခြင်းတရား ဆိုတဲ့ လက်မှတ်စစ်က
ရှေ့က ဘူတာမှာ စောင့်နေတယ်။
မင်းတို့ ငါ ရူးနေတယ်လို့ ပဲပြောမလား?
ဒါမှမဟုတ်..
မင်းတို့ပဲ ရူးနေတာလား?
အင်း..အကုန်လုံးတော့ ရူးနေတာပဲ (ယဉ်ယဉ်လေးပဲပေါ့)
“ညနေ နေ၀င်ချိန် အလှ” ကို စိတ်ကူး ပန်းချီ ဆွဲနေတဲ့...
“ငါ” ဆို တဲ့ လူတစ်ယောက်ရဲ့ လွမ်းတေးတွေကို
မင်း ဘာလို့ နားမထောင်ချင်တာလဲ ချစ်သူ...
စိတ်ကူးယဉ်ဆန်တဲ့ ပြဒါး မှန် တစ်ချပ် ကို
မင်း ဘာလို့ မကြည့်ချင်ရတာလဲ..။
ကဲ.. မိုးချုပ်ပြီ
ငါ အိပ်တော့ မယ်
ကျေးဇူးပြု၍ လာမနှိုးပါနှင့်။ ။
Thursday, October 21, 2010
Sunday, October 10, 2010
မသိကိန်းတစ်ခု၏၀တ္ထု
အရင်ညတွေလိုပါပဲ ကောင်းကင်တွင် ကြယ်ကလေးများ ထွန်းလင်းတောက်ပလျက်ရှိသည်။တောက်ပနေသော ကြယ်များသည် အချို့ကကြွေကျကုန်၏၊အချို့က မှိတ်တုတ်မှိတ်တုတ် နှင့် လင်းလက်နေသည်။
ခါတိုင်းလိုပဲ အိမ်ပြန်ချိန်များ ကတော့ ခြောက်သွေ့ခြင်း၊ငြီးငွေ့ခြင်းများနဲ့ အတူ မျောပါလာသည်။ကမ္ဘာမြေ အပြင်ဘက် စကြာဝဋ္ဌာ တွင် ဥက္ကပျံ အချို့လေထဲတွင် အချင်းချင်းပွတ်တိုက်ခြင်းဖြင့် အလင်းဖြစ်ပေါ်သည်။ဤဖြစ်စဉ်ကို အချို့က ကြယ်ကြွေသည်ဟုပြောသည်။ဘာပဲ ဖြစ်ဖြစ်ပါ သူ့ အိမ်ပြန်ချိန်များကတော့ အရင်လိုပဲပေါ့။အိမ်ပြန်ချိန် ဟု ဆိုသော်လည်း အိမ်ဆိုသည်မှာ တစ်ယောက်တည်းနေသော အိမ်လား၊မိသားစုနှင့်နေသော အိမ်လား၊ဒါမှမဟုတ် ဌားနေသော အိမ်လား၊အမျိုးမျိုးရှိလေသည်။သူ့ အတွက်ကတော့ နေဖို့၊ကျောခင်းဖို့ ရှိရင်“အိမ်”ဟူသော ဝေါဟာရ အတွက် အဓိပ္ပါယ်ပြည်စုံသည်။
သူ အိမ်ပြန်ရောက်တော့ အိပ်ယာပေါ်တွင် လက်ကျန် အိပ်မက်အချို့ ပြန့်ကျဲနေသည်။ထို ပြန့်ကျဲနေသောအိပ်မက် အချို့ကို ကောက်ပြီး ခေါင်းအုန်းအောက်ထဲ ထိုးထည့်လိုက်သည်။အိပ်ချိန်ရောက် မှ ဆက်လက်မက်မည် ဆိုတော့ သဘောဖြစ်သည်၊
သူ့တွင် ကျောပိုးအိတ် တစ်လုံးရှိသည်။ထို ကျောပိုးအိတ်အရောင်တော့ သေချာမသိပါ၊တစ်ခါတစ်ရံ သူ့စိတ်နဲ့တော့ လိုက်ပြီး အရောင်ပြောင်းတက်သည်။ထို ကျောပိုးအိတ်ထဲတွင် သုံးမရသော အနာဂတ်ပါဝင်သည်။သံချေးတက်နေသော စိတ်ကူးယဉ် အိပ်မက်တွေပါသည်၊ဖောက်သောက် ပြီးသော ဘီယာဘူးခွံလို မျော်လင့်ခြင်းတွေ ပါဝင်သည်။ဒိုင်ယာရီ စာအုပ်အဟောင်း၊ဘော့ပင် စသည်တို့လည်းပါဝင်သည်။
အချိန်မှာ ညနက် သန်းခေါင်ကို ရောက်တော့မည်။သူလဲ လုပ်စရာရှိတာတွေ လုပ်ပြီး ဆေးလိပ်တို ကို မီးညှိ လိုက်သည်
လူဘ၀ ဟာ ဆေးလိပ် လိုပဲ တဖြည်းဖြည်းနဲ့ သောက်ပြီး ကုန်ပြီး နောက်ဆုံး ပြာပဲ ဖြစ်သွားရသည်။
ထိုအချိန်တွင် လေပြေ လေးက ဖြေးညှင်းစွာ တိုက်ခက်နေသည်။တိတ်ဆိတ်နေသော ညအမှောင်တွင် သဘာဝတရားကလှပနေသည်။ထို လှပနေသော သဘာဝတရားက သူ့ရင်ထဲမှာ ရှိသော ပူပန်မှု့၊အမည်မသိ သောက တွေကိုတော့ မသိချင်ယောင် ဆောင်နေသည် ဟု သူခံစားရသည်။
မကြာမီ လူတို့၏ အိပ်စက်ချိန်ကို ရောက်ရှိလာသည်။သူ လဲ အိပ်ရာပေါ်လှဲပြီး နောက် မကြာမိ အိပ်ပျော်သွားသည်။ခေါင်းအုန်း အောက်တွင် ရှိသော အိပ်မက်အချို့ကတော့ သူ့ကို စောင့်ကြိုနေသည်။သူ လဲ ထို အိပ်မက်တွေကို ပြေးတွေ့ လိုက်သည်။
အိပ်ပျော် သွားသော အခါ သူ မက်သော အိပ်မက်ထဲတွင် ပျော်ရွင်ဖွယ်ရာများ၊သူ ဖြစ်ချင်သော ဆန္ဒများ၊တစ်ချိန်က ချစ်ခဲ့သော ချစ်ခြင်းမေတ္တာများ၊စသည့် များလှသော အိပ်မက်များကို မြင်မက်နေသည်။
ထိုအချိန်တွင် ကောင်းကင်ရှိ ကြယ်ကလေးများကလည်း အစွမ်းကုန် လင်းလက်နေသည်။
မနက်မိုးလင်းသော အခါ သူ အိပ်ရာမှာထလာသည်။အရင်လိုပဲ ဘ၀မှာ အသက်ဆက်ရှင်ရင်း ငြီးငွေ့မှု့တွေ ကို အရောင်ဆိုးနေရသည်။သူ ကျောပိုးအိတ်ကို လွယ်ပြီး ခါတိုင်း သွားနေကြ နေရာကို ပဲ ဆက်သွားလိုက်သည်။
သူ့ အတွက် ပျော်ရွင်ခြင်း၊ကျေနပ်ခြင်းတွေကတော့ သေတ္တာထဲပဲ သိမ်းထားခဲ့သည်။ဘ၀ ဆိုတာ ဘာလဲ ဟုတော့ သူ မစဉ်စားချင်တော့။“ခဏလေးတွေး၊ခဏလေးငေး၊ခဏလေးဆွေး၊ခဏလေးပဲ” ဟု ခဏတာ လူ့ဘ၀ကို စဉ်းစားရင်းနဲ့ပဲ သူ လမ်းဆက်လျောက်နေသည်။သူ လမ်းလျောက်နေရင်းနဲ့ တစ်ပြိုင်နက် နေ သည် အရှေ့ အရပ်မှ ထွက်၍ ပူလောင်စပြုလာပြီ။

Saturday, October 2, 2010
ပိုလျံနေသော ၀ါကျများ (သစ္စာနီ)
(၁)
ငါးဟာ..
ရေကို မသိသလို၊
လူတွေဟာ....
မသိတာကလွဲလို့ အားလုံးကိုသိခဲ့တယ်။
(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင် က အစ
တစ်ခါသုံး ဘောလ်ပင်အထိ
ကျွန်တော်တို့...
ဖန်ဆင်းခဲ့ကြ။
ဘာသာစကားကနေ
ဆင်ဖိုနီဓါတ်ပြားအထိ၊
အင်တာနတ် ကနေ
ထရိုဂျင်းနစ်မြင်းရုပ်အထိ၊
အပျော်စီးသင်္ဘော ကနေ
ငရဲကြီးရှစ်ထပ်အထိ
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ၊
စည်သွတ်ဘူး ကနေ
ဆိုကရေတီး အဆိပ်ခွက် အထိ၊
အိတ်ခ်ျအိုင်ဗွီပိုး ကနေ
အင်္ဂါဂြိုလ်သွားယာဉ် အထိ၊
မိုးတိမ်အတုကနေ
ခေါင်းဖြတ်စက် အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
ပိရမစ် ကနေ
စက္ကူနဲ့လုပ်တဲ့ ပန်းအထိ၊
ဆံပင်ဆိုးဆေး ကနေ
အာဏာရှင်စနစ် အထိ၊
လူကနေ
လူပုံတူမျိုးပွားအထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။
(၃)
ကျွန်တော် တို့ဟာ
သစ်ပင်ပေါ်ကဆင်းပြီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်
“ဟဲလို၊ဟိုင်း၊ဟေး”
ယဉ်ကျေးခဲ့ကြပါတယ်။
လေးနြဲှ့မှားကိုတင်တက်အောင်
ကောက်တဲ့ အခွန်ဆောင်တက်အောင်
ထီးဖြူမိုးတက်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မ်ီးဖွင့်တက်အောင်
တိုက်ပုံအကျီ ၀တ်တက်အောင်
ယဉ်းကျေးခဲ့ကြပါတယ်။
ဒါဝင် က သင်မပေးရအောင်
ရေချိုးခန်းနဲ့ ရေချိုးတက်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
တံတား ဆောက်တက်အောင်
ဥပဒေ ပြုတက်အောင်
ကွန်ဒုံး သုံးတက်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
ဖဲကစားတက်အောင်
ဘုရားဖူးသွားတက်အောင်
နုကလီးယားဗုံး လုပ်တက်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။
လပေါ် လမ်းလျှောက်တက်အောင်
ကာကွယ်ဆေးထိုးတက်အောင်
ကိုယ့်အိမ်တံခါကို လုံခြုံစွာပိတ်တက်အောင်
ယဉ်ကျေးခဲ့ပါတယ်။
(၄)
ဒီလိုနဲ့...
ကျွန်တော်တို့
စားဖို့အတွက်
ပန်းကန်နဲ့ ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများအသက်နဲ့။
သောက်ဖို့အတွက်
အိုအေစစ် နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။
နေဖို့ အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။
ကြည့်ဖို့ အတွက်
ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့
တက်ယောင်ကားမျက်စိနဲ့။
နားထောင်ဖို့ အတွက်
ရေဒီယိုနဲ့ ဓါတ်ပြားနဲ့
နီရိုးဘုရင် ရဲ့ဗျတ်စောင်းသံနဲ့။
ရှူရှိက်ဖို့ အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော်(၇)ပါး ကိုယ်နံ့နဲ့။
စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင်ဝါဒနဲ့။
စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက်ဝါဒနဲ့။
အပျင်းဖြေဖို့အတွက်
စီကရက်နဲ့ အလေလိုက်စရာနဲ့
အမဲပစ်ရိုင်ဖယ်နဲ့။
ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာ စာအုပ်နဲ့
မိုးတစ်လုံးလေတစ်လုံး ဘ၀င်နဲ့။
ဖျားနာဖို့ အတွက်
အထူးကုဆေးခန်းနဲ့ ရုပ်ခန္ဒာနဲ့
ကိုးဆယ့်ခြောက်ပါးရောဂါနဲ့။
သေဆုံးဖို့ အတွက်
သံသရာနဲ့ သင်္ချီုင်းနဲ့
(သေပြီးမှ)...
သတိရကြမယ့်သူတွေနဲ့။
(၅)
ကျွန်တော်တို့ မှာ
ဂေါတမဗုဒ္ဓ ရှိတယ်။
နစ်ရှေး ရှိတယ်
မဟတ္တမဂန္ဒီ ရှိတယ်
စတာလင်ရှိတယ်
မိုးဇတ် ရှိတယ်
ဗာဂျီးနီးယားဝုဖ် ရှိတယ်
သောမတ်အက်ဒီဆင် ရှိတယ်
ဂျက်ဆင်ပိုးလော့ ရှိတယ်
အက်တလတ် ရှိတယ်
ပီတာဝိုင်ယာ ရှိတယ
ဆစ်ဂမန်ဖရွိုက် ရှိတယ်
ကိတ်ဝင်းဆလတ် ရှိတယ်
ဖူကူယားမား ရှိတယ်
ယူတူး က ဘိုနို ရှိတယ်
စတီဖင်ဟော့ကင်း ရှိတယ်
အိုစမာဘင်လာဒင် ရှိတယ်
ကျွန်တော်တို့ မှာ
တိရစ္ဆာန်ရုံ ရှိတယ်
ဘေးမဲ့တော ရှိတယ်
ဂေါက်ကွင်း ရှိတယ်
အကျဉ်းထောင် ရှိတယ်
ဆန်ကျင်ဘက်လိင် ရှိတယ်
စိတ်ပုတီး ရှိတယ်
စီးနေတဲ့မြစ်တွေ ရှိတယ်
ပေါက်ကွဲမယ့် မီးတောင် ရှိတယ်
ဗိုင်အိုလတ်ပေါင်ဒါ ရှိတယ်
အနုမြူဓါတ်ပေါင်းဖို ရှိတယ်
သစ်ခွပန်းရောင်စုံ ရှိတယ်
အသားကြိတ်တဲ့စက် ရှိတယ်
စားမရတဲ့ သစ်သီးတွေ ရှိတယ်
လကွယ်ည ရှိတယ်
ကျေးပိုင်ကျွန်ပိုင်စနစ် ရှိတယ်
ချွေးနံ့ပျောက်ဆေး ရှိတယ်။
(၆)
ဒီလိုနဲ့... ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။
ယုန်မြေမနင်းသားကို
ဓါးနဲ့လှီးကာ
အရသာခံ ၀ါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့် မှန်ပြောင်းနဲ့ ကြည့်လို့။
အပယ်လေးဘုံ ကို
ဓါတ်လှေကား အလုအယက်ဆင်လို့။
ပိုတမ်ကင် သင်္ဘောပေါ်က အမြှောက်သံကို
စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကို
မပုပ်သိုးအောင် ဖော်မယ်လင် စိမ်လို့။
ဟိုဝါဒ၊ဒီဝါဒ တွေကို
ကိုယ်နဲ့ တော်သလို အင်္ကျီချုပ်ဝတ်လို့။
ခပ်တည်တည်နဲ့ ပဲ
ကျွန်တော်တို့ ဟာ
စစ်ကြေညာလို့
စစ်ပြေငြိမ်းလို့
သစ်ပင်တွေကို ခုတ်လို့
သစ်ပင်တွေကို စိုက်လို့
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့၊
ရေကိုစုန်လို့
ရေကိုဆန်လို့
တစ်ဝက်ကို စားလို့
တစ်ဝက်ကို ထွေးလို့
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေကို မျှားလို့
ငါးတွေကို လွှတ်လို့
မှားတာတွေကို မှန်လို့
မှန်တာတွေကို မှားလို့
သေရမှာ ကြောက်လို့
သေရမှာ မကြောက်လို့
(၇)
သမိုင်းနိဂုန်းချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်
ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တစ်မြစ်ထဲကို နှစ်ခါပြန် မဆင်းနိုင်
စိတ်မလုံရင် တိတ္ထုံကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေး အတွက် စစ်လိုတယ်
ဘုရားသခင် က ကြွေအန်မကစားဘူး
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မှု့ က အနှစ်သာရထက်ရှေးကျတယ်။
(၈)
သင်...
နေထိုင်ဖို့ရာ
ပျော်ပျော်ရွင်ရွင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွင် နေထိုင်ဖို့ရာ
ဘာမှ မလိုပါ
ဥပမာ..
ဒီ ၀ါကျတွေက အစ မလိုသလိုပေါ့။ ။
သစ္စာနီ
(၂၀၀၄ နိုဝင်ဘာလထုတ် ဟန်သစ် မဂ္ဂဇင်းမှ)
်

Subscribe to:
Posts (Atom)