တကယ်ပါ...
မှော်ဆရာ တစ်ယောက်ဖြစ်လို့ကတော့..
မျှော်လင့်ခြင်းတွေ
အသက်သွင်းလို့ ရရင် သွင်းလိုက်ချင်တယ်။
ဘာလိုလိုနဲ့..
ချစ်ခြင်းတရား ကို
အရောင် ဆိုးခဲ့တာလည်းကြာပေါ့။
အတ္တတွေ၊မာန တွေ စားသုံးနေရတော့..
ဘ၀ က အစင်းရာတွေ နဲ့ “ဓါတ်ပြား တစ်ချပ်” လို
အသံကုန် ဟစ်ကြွေးနေတယ်။
သားရဲတွေ ပေါများလှတဲ့ ဒီ တောနက်ထဲမှာ...
အ၀ိဇ္ဇာ တရား တွေ လောင်ကျွမ်းနေတယ်။
ဟေ့...အသက်တွေကြီးလာပြီ
ရထားပေါ်က မဆင်းသေးဘူးလား?၊
ဟိုမှာ..သေခြင်းတရား ဆိုတဲ့ လက်မှတ်စစ်က
ရှေ့က ဘူတာမှာ စောင့်နေတယ်။
မင်းတို့ ငါ ရူးနေတယ်လို့ ပဲပြောမလား?
ဒါမှမဟုတ်..
မင်းတို့ပဲ ရူးနေတာလား?
အင်း..အကုန်လုံးတော့ ရူးနေတာပဲ (ယဉ်ယဉ်လေးပဲပေါ့)
“ညနေ နေ၀င်ချိန် အလှ” ကို စိတ်ကူး ပန်းချီ ဆွဲနေတဲ့...
“ငါ” ဆို တဲ့ လူတစ်ယောက်ရဲ့ လွမ်းတေးတွေကို
မင်း ဘာလို့ နားမထောင်ချင်တာလဲ ချစ်သူ...
စိတ်ကူးယဉ်ဆန်တဲ့ ပြဒါး မှန် တစ်ချပ် ကို
မင်း ဘာလို့ မကြည့်ချင်ရတာလဲ..။
ကဲ.. မိုးချုပ်ပြီ
ငါ အိပ်တော့ မယ်
ကျေးဇူးပြု၍ လာမနှိုးပါနှင့်။ ။
No comments:
Post a Comment